ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Thursday, August 4, 2011

အလိုအပ်ဆုံး မေတ္တာ

နှစ်ရွာတစ်ရွာ ဆက်ဆံရာ မေတ္တာလိုရင်းသုံး၊

မိတ်ဆွေချင်းသာ ပေါင်းသင်းရာ မေတ္တာအမြတ်ဆုံး၊

အေးစေ မြစေ မေတ္တာရေ၊ သုံးလေ ရပ်ရွာသုံး၊

မေတ္တာစိတ်ဓာတ် လွန်မြင့်မြတ် လူနတ်အချစ်ဆုံး၊

မေတ္တာရနံ့ ကြိုင်လှိုင်နှံ့ သင်းပျံ့ နယ်မဆုံး၊

မေတ္တာပန်းခိုင် ကိုယ်စီကိုင် ဖက်ပြိုင်သူတို့ရှုံး၊

တစ်ဦးမေတ္တာတစ်ဦးမှာ ရှည်ကြာရွံမမုန်း၊

တရားပျောက်ကွယ် မေတ္တာပြယ် ကြီးငယ် အများမုန်း၊

မေတ္တာနတ်ပန်း ပန်ဆင်မြန်း ရွှင်လန်း စိတ်နှလုံး။

မေတ္တာပန်းကို ပန်ကြပါ..

မေတ္တာဆိုတာ ကြိုင်ကြိုင်မွှေးတဲ့

အခိုင်ကလေးနဲ့ ပန်းတွေလို၊

လေအောက်လေညာ ဘယ်မရွေးဘူး

တကယ်မွှေးတဲ့ ဗြဟ္မစိုရ်၊

သူသူငါငါ မှန်သမျှတို့

ပန်ကြဆင်ကြ နေ့တိုင်းကို၊

မေတ္တာအကျိုး ဂုဏ်တန်ခိုး ပြည့်ဖြိုးရစေလို၊

အဲဒါကြောင့် ဘေးကင်းရန်ကင်း ဆောင်ကြဉ်းမေတ္တာကို။

ရာဟုလောဝါဒသုတ်

မိတ်ကောင်းမှီစေ တောရပ်နေ သုံးလေမတ္တညု၊

ပစ္စည်းလေးဖြာ မတွယ်တာ တဏှာငြိမ်းအောင်ပြု၊

ပါတိမောက္ခ သံဝရ သီလလုံစေမှု၊

တံခါးခြောက်ထွေ ဣနြေ္ဒ ငြိမ်စေပိတ်ဆို့ပြု၊

သတိမြဲရာ ကိုယ်၌သာ ခန္ဓာငြီးငွေ့မှု၊

သုဘနိမိတ် ခွါရှောင်ဆိတ် ဈာန်စိတ်ပိုင်အောင်ရှု၊

အနိမိတ္တ ထင်စေမှ မာနကွာအောင်ပြု၊

ဤနည်းကျင့်ပေ ဝဋ်သုံးထွေ ငြိမ်းလေမှန်သည်ဟု၊

ရာဟုလာအား ဒို့ဘုရား ဟောကြားနေ့နေမှု။

ကိုးကွယ်ရာ တရားဆယ်ပါး

သီလကြားမြင်

မိတ်ကောင်းယှဉ်

ဆိုလျှင် နားထောင်ငြား

လိမ္မာကျွမ်းကျင်

တရားခင်

မြဲပင်စဉ်ကြိုးစား

ရောင့်ရဲသတိ

ဉာဏ်မြင်ရှိ

မှတ်သိဤဆယ်ပါး။

သရဲပြေးနည်း


မိုးချုပ်နေဝင် ပြင်မထွက်နှင့် သရဲသဘက်ဆွဲတတ်တယ်။

မဆွဲနိုင်အောင် ဘုရားပေးတဲ့ တရားဆေးနဲ့ ပေါက်လိုက်မယ်။

တရားဆေးဟာ ဘယ်မှာတုံးကွဲ့ ငါလဲ ပေးအုံး မောင်မောင်ရာယ်။

ဗုဒ္ဓံ ဓမ္မံ သံဃံ ရွတ်ကွဲ့ သရဲလွတ်လို့ ပြေးလိမ့်မယ်။

သုတ နှင့် သီလ

သုတမရှိ၊ သီလရှိက သီလအတွက် နှစ်သက်ကုန်ကြ ချီးမွမ်းရ၏။

သီလမရှိ သုတရှိသော် တတ်သိချည်းနှီး ကျိုးမဲ့ကြီးဟု မချီးမွမ်းကြ ကဲ့ရဲ့ရ၏။

သုတ သီလ စွယ်စုံလှမူ ထိုသသူကို နတ်လူကောင်းချီး ခေါ်မပြီးဘူး။

ချည်းနှီး နှစ်ဝ ဖြစ်တုံကမူ ဗာလလူယုတ် သတင်းပုတ်သည် ရှုတ်ချ မဆုံး ရှိမည်တည်း။