ညီမ

စုဆောင်းမိသမျှ ဓမ္မကဗျာများကို တစ်နေရာတည်း ဖတ်ရှုနိုင်ရန် တင်ပြသည်

Sunday, July 31, 2011

ခုနှစ်နေ့ ဘုရားရှိခိုး

သုံးလူရှင်ပင် ကျွန့်ထိပ်တင် သောင်းခွင်စကြဝဠာ နတ် ဗြဟ္မာတို့ ညီညာရုံးစု တောင်းပန်မှုကြောင့် ရတုနဂို ရွန်းရွန်းစိုသည် ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ် ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည် နတ်လူငြိမ်းဖို့ ကိန်းပါကိုး နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

သန္ဓေယူခါ ဆယ်လကြာသော မဟာသက္ကရာဇ် ခြောက် ဆယ့်ရှစ်ကြုံ ကဆုန်လပြည့် သောကြာနေ့ဝယ် ချမ်းမြေ့စုံစီ လုမ္ဗိနီ မဟီလှိုက်ဆူ ဖွားတော်မူသည် နတ်လူအောင်မြို့ လမ်းပါကိုး နတ်လူအောင်မြို့ လမ်းပါကိုး။

ဖွားမြင်မြောက်သော ဆယ့်ခြောက်နှစ်ရွယ် ပျိုနုနယ်၌ သုံးသွယ်ရွှေနန်းသိမ်းမြန်းပြီးလစ် ဆယ့်သုံးနှစ်လျှင် ဘုန်းသစ်လျှံ လူ စံတော်မူ၍ ရွယ်မူနုဖြိုး နှစ်ဆယ့်ကိုးဝယ် လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့် ရွှေစိတ်ငြင်ငြို သံဝေပိုက ဝါဆိုလပြည့် ကျား မင်းနေ့ဝယ် ချမ်းမြေ့ရဂုံ တောရိပ်လှုံသည် စုံမြိုင်ပင်ရိပ် ခမ်းမှာကိုး။

တောရိပ်မြိုင်ပေါ် ခြောက်နှစ်ပျော်၍ ခါတော်တစ်ဖုံ ပွင့်ချိန်ကြုံ၍ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် မြေ့ပရမေ ပလ္လင် ဗွေထက် ရွှေညောင်တော်ကြီး ဗိတာန်ထီးနှင့် မညီကြည်ဖြူ နေတော်မူစဉ် ရန်မြူခပင်း အမိုက်သင်းကို အရှင်းပယ်ဖျောက် အလင်းပေါက်က ထွန်းတောက်ဘုန်းတော် သောင်းလုံးကျော်သည် သုံးဖော်လူတို့ ငြမ်းပါကိုး သုံးဖော်လူတို့ ငြမ်းပါကိုး။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖွား ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မွက်ထွေပြား ဟောဖော်ကြားသည် တရား နတ်စည်ရွမ်းတယ်ကိုး တရား နတ်စည်ရွမ်းတယ်ကိုး။

တရားနတ်စည် ဆော်ရွမ်းလည်က သုံးမည်ဘုံသိုက် တစ်သောင်းတိုက်ဝယ် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါကို ခေမာသောင်းသို့ ဖောင်းကူးတို့ဖြင့် ဆောင်ပို့ပြီးခါ ဝါလေးဆယ့်ငါး သက်ကာရှစ်ဆယ် စုံပြည့်ကြွယ်၍ ရာလေးဆယ့်ရှစ် သက္ကရာဇ် ဝယ် နယ်မလ္လာတိုင်း စံနှိုင်းမယုတ် ကုသိနာရုံ အင်ကြင်းစုံ၌ ကဆုန် လပြည့် အင်္ဂါနေ့ဝယ် ချမ်းမြေ့နိဗ္ဗူ စံတော်မူသည် ဝှမ်းဆူ သောင်း လုံးကျော်တယ်ကိုး ဝှမ်းဆူ သောင်းလုံးကျော်တယ်ကိုး။

နိဗ္ဗူစံပြီး ရှုမအီသား သိင်္ဂီရွှေလှော် အလောင်းတော်ကို ထိုရော်ကဆုန် လဆုတ်ကြုံ၍ ဂဠုန်နေ့ဝယ် ခိုးငွေ့မနှော ဓာတ်တေ ဇောလျှင် ရှင်စောဉာဏ်စက် ဓိဋ္ဌာန်ချက်ဖြင့် လျှံတက် ကော်ရော် မီးပူဇော်သည် မွေတော်ရှစ်စိတ် ကြွင်းတယ်ကိုး မွေတော်ရှစ်စိတ် ကြွင်းတယ်ကိုး။ ထိုခုနှစ်နေ့ သာချမ်းမြေ့ကို ဆွေ့ဆွေ့ကြည်ဖြူ အာရုံယူ သုံးလူတို့ထက် မြတ်ထက်မြတ်သား ကိုယ်တော်ဖျားကို သုံးပါး မွန်စွာ ဝန္ဒနာဖြင့် သဒ္ဓါရိုးကျိုး ကျွန်ရှိခိုးသည် ကောင်းကျိုး ခပ်သိမ်း ကြွယ်စေသော်။

No comments: